(၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလတွင် ယမုံနာ စာပေမှ ဒုတိယအကြိမ် ထုတ်ဝေခဲ့သည့် မြန်မာ့အလင်း သတင်းစာ အယ်ဒီတာ (ဦး) ကြည်ညွန့် (ကွယ်လွန်သူ အယ်ဒီတာချုပ် - ငြိမ်း)၏ “စီအိုင်အေ အရှုပ်တော်ပုံနှင့် နောက်ဆက်တွဲ” စာအုပ် စာမျက်နှာ ၂၀၀ မှ ၂၁၆ တွင် အောက်ပါ အတိုင်း ရေးသား ဖော်ပြထားပါသည်။)
ကျူးကျော်သူ တရုတ်ဖြူများကို တိုက်ထုတ် ပစ်ခဲ့ရသည့် မဲခေါင် စစ်ဆင်ရေးတွင် တပ်မတော်က အမေရိကန် လက်နက်၊ ခဲ ယမ်း မီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ခြင်းကို အကြောင်းပြု၍ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများက ၀ိုင်းဝန်း၍ ဆန္ဒပြခဲ့ ကြလေသည်။
ဤသို့ ဆန္ဒပြခဲ့ ကြရာ၌ ကမ္ဘာလှည့် ခရီးသည် တစ်ဦးဖြစ်သူ နိုင်ဂျီးရီးယား အမျိုးသား အာဂျလာဆိုသူသည်လည်း ရှေ့ဆုံးမှ ပါဝင်ခဲ့ခြင်းကို စာဖတ်သူများ အမှတ်ပြန်ရမိ ကြလိမ့်မည်ဟု ကျွန်တော် မျှော်လင့်မိပါသည်။
အမှန်တော့ ထိုစဉ်က အမေရိကန် သံရုံးကို အကြမ်းဖက်ခြင်း အလျဉ်းမရှိဘဲ စည်းကမ်း သေ၀ပ်စွာဖြင့် ဆန္ဒပြကြရန် တက္ကသိုလ် ကျောင်းသား ခေါင်းဆောင်များက စီစဉ်ကွပ်ကဲ ပေးထားပါသည်။
ရန်ကုန်မြို့ ကုန်သည် လမ်းမကြီးအတိုင်း အနောက်ဘက်မှ အရှေ့ဘက်ကို စီတန်း လှည့်လည် လာကြသော တက္ကသိုလ် ကျောင်းသားထုကြီးသည် အမေရိကန် သံရုံးရှေ့သို့ ရောက်လာကြသည့် တိုင်အောင် စည်းကမ်း သေ၀ပ်စွာ ရှိနေသည်ကို ကျွန်တော် တွေ့မြင်နေရပေသည်။
သို့ရာတွင် ရှေ့ဆုံးမှ ပိုစတာများနှင့် အလံကိုင် ကျောင်းသားများ ကြားထဲ၌ နိုင်ဂျီးရီးယား အမျိုးသား ၀တ်စုံဖားလျားနှင့် ကပ်ပါလာသော အာဂျလာသည် အမေရိကန် သံရုံးရှေ့သို့ ရောက်လာ သောအခါ လက်သီး လက်မောင်း ဆန့်တန်း၍ တခဲနက် အော်ဟစ် ကြွေးကြော် လေပါတော့သည်။
ဗန္ဓုလ ပန်းခြံထဲမှာရပ်ပြီး ကြည့်နေကြသော ကုလားဒိန်ကလေး တစ်စုက အာဂျလာကို ကောင်းချီး ထောပနာ ပြုကာ လက်ခုပ် တီး၍ သြဘာပေးကြ၏။
အာဂျလာသည် အော်ဟစ် ဆန္ဒပြနေရာမှ ကုန်းလိုက်ပြီး အနီး ပတ်ဝန်းကျင်မှ ရမိရရာ အုတ်နီခဲ အကျိုးအပဲများကို ကောက်၍ အမေရိကန် သံရုံးကို ပစ်ပေါက်ပါလေ တော့သည်။ ဗန္ဓုလ ပန်းခြံထဲမှ ကုလားဒိန်ကလေး တစ်စုကလည်း ပန်းခြံထဲမှနေ၍ ခဲများနှင့် ပေါက်ရာ အမေရိကန် သံရုံးကို ထိမှန်ခြင်း နည်းပါးပြီး အာဂျလာနှင့် တက္ကသိုလ် ကျောင်းသူ ကျောင်းသား အချို့အား ထိမှန်သွား လေတော့၏။
ထိုအခါ အာဂျလာသည် အမေရိကန် သံရုံးကို ပစ်ပေါက်နေရာမှ ပန်းခြံဘက်သို့ မြှားဦးလှည့်ပြီး ပစ်ပေါက်လိုက်ရာ ကုလားဒိန် ကလေးများနှင့် သူတစ်ပြန် ငါတစ်ပြန် ခဲတိုက်ပွဲ ဖြစ်ပွားပြီး အခြေအနေမှာ ရှုပ်ထွေးသွားလေတော့သည်။
ယင်းသို့ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေစဉ် ရန်ကုန် ရဲအဖွဲ့နှင့် သီးသန့်ရဲများက မျက်ရည်ယိုဗုံးများနှင့် သေနတ်ပစ်ဖောက်၍ ခြောက်လှန့်ပြီး ၀င်ထိန်းလိုက်ရာ အခြေအနေမှာ တင်းမာပေါက်ကွဲ သွားရလေတော့သည်။
စည်းကမ်း သေ၀ပ်စွာဖြင့် ဆန္ဒပြနေကြသော တက္ကသိုလ် ကျောင်းသားများမှာလည်း ဒေါသကို မထိန်းနိုင်တော့ဘဲ အကြမ်းပြန် ဖက်ကုန်ကြသည်။
တောမီးလောင်လျှင် တောင်ကြောင် လက်ခမောင်း ခတ်ဆိုဘိသကဲ့သို့ ရန်ကုန်မြို့ထဲနှင့် ဆင်ခြေဖုံးမှ လူဆိုးစာရင်းဝင် လူပေ လူတေများက တွေ့ကရာလိုက်၍ ရိုက်ခွဲ ဖျက်ဆီးပစ်ကာ လုလားယက်လား ပြုလာကြသည်။
အမေရိကန် သံရုံးတစ်ဝိုက်မှ ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေမှုမှာ ရန်ကုန် တစ်မြို့လုံးသို့ ကူးစက်ပြန့်ပွား သွားလေတော့၏။
ရန်ကုန်ရဲအဖွဲ့၊ သီးသန့် ရဲများနှင့် ဆန္ဒပြ လူထုကြီးမှာ ဆူးလေဘုရား ပတ်ဝန်းကျင်တွင် သူတစ်ပြန် ငါတစ်ပြန် ရှေ့တိုး နောက်ဆုတ်နှင့် ရင်ဆိုင်ကာ အားစမ်းနေကြ၏။ ညဘက် မှောင်စပျိုး လာလေလေ အခြေအနေမှာ ပိုမို တင်းမာလာလေလေ ဖြစ်နေ၏။
ကျွန်တော်သည် ထိုမြင်ကွင်း တစ်ခုလုံးကို အမေရိကန် သံရုံးနှင့် ကပ်လျက်ရှိ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆန်စက်ပိုင်ရှင်များ အဖွဲ့ချုပ်ကြီး၏ ပြတင်းပေါက် နှုတ်ခမ်းပေါ်မှ ထိုင်ကာ စီးပြီး ကြည့်နေခဲ့သည်။ မြင်ကွင်းအားလုံးကို မြင်ကွင်းကျယ် ရုပ်ရှင်ကား ကြည့်နေရသလို မြင်နေ၏။
ဘေးကင်း ရန်ကင်းလှပြီဟု ထင်ရသော နေရာမှ ကြည့်နေသည့် တိုင်အောင် ဘေးရန် မကင်းသေးဘဲ တစ်ခါတစ်ရံ၌ အောက်မှ ပစ်နေသော ခဲလုံးများမှာ အပေါ်သို့ လွင့်စင်လာသေးသည်။
ကျွန်တော် သတင်းထောက်ပါး မ၀သေးခင် လွန်ခဲ့သည့် ၁၉၅၆ ခုနှစ်တုန်းက ရန်ကုန်မြို့ ကမ်းနားလမ်းရှိ စာတိုက်ကြီးနှင့် ကပ်လျက် ဗြိတိသျှ သံရုံးကို စူးအက် ကိစ္စကြောင့် အာရပ်မျိုးနွယ် မွတ်စလင်များက အကြမ်းဖက် ဆန္ဒပြခဲ့ရာတွင် ရန်ကုန် ရဲအဖွဲ့က မျက်ရည်ယို ဗုံးများနှင့် ပစ်ဖောက်ကာ လူစုခွဲခဲ့ရာ၌ ကျွန်တော့်မှာ မျက်ရည်ယို ဗုံးဒဏ်ကို အလူးအလဲ ခံခဲ့ရဖူးသည်။
ထို့ကြောင့် နောင်သော အခါများတွင် ပထမဦးဆုံး ဘေးကင်း ရန်ကင်းရာ နေရာကို ရွေး၍ သတင်းယူခဲ့ရခြင်း ဖြစ်ပေသည်။
အမေရိကန် သံရုံး တစ်ဝိုက်တွင် အကြမ်းဖက်၍ ဆန္ဒပြလျက် ရှိနေသော လူထုကြီးအား ရန်ကုန် ရဲအဖွဲ့နှင့် ထိန်းသိမ်း၍ မရတော့သဖြင့် ပထစ အစိုးရက ရန်ကုန် နေပြည်တော် စစ်ဌာနချုပ်ကို တာဝန်ပေး လွှဲအပ်လိုက်ရ လေတော့သည်။
ရန်ကုန် နေပြည်တော် စစ်ဌာနချုပ်မှူး ဗိုလ်မှူးကြီး ကြည်မောင်နှင့် ဒုဗိုလ်မှူးကြီး ရီအေးတို့ ရောက်လာပြီး ဒေါသထွက် နေသော လူထုကြီးအား မေတ္တာရပ်ခံယူပြီး ဖျောင်းဖျ နှစ်သိမ့်သည့် အခါကျမှ လူထုကြီးမှာ တစ်စ တစ်စနှင့် ရှဲသွားလေတော့ သည်။
ထိုနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ ၅ နာရီ အချိန်မှ စတင်ပြီး အချိန် နှစ်လတိုင်တိုင် ရန်ကုန်မြို့တွင် ပုဒ်မ (၁၄၄) အမိန့် ထုတ်ပြန်လိုက်ကြောင်း ရန်ကုန် ခရိုင် ရာဇ၀တ် တရားသူကြီး ဦးသန်းနွဲ့က အမိန့် ထုတ်ပြန်လိုက်သည်။
ရန်ကုန် နေပြည်တော် စစ်ဌာနချုပ်ကလည်း သံလျင်တပ်ရင်း (၂၀) နှင့် ခြေမြန်တပ်ရင်း (၁၀၅) တို့အား ခေါ်ယူကာ ရန်ကုန်မြို့၏ ငြိမ်ဝပ် ပိပြားရေးကို ထိန်းသိမ်းပေးခဲ့ရ၏။
ဤ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရခြင်း၏ အခြေခံ အကြောင်းရင်ကို သုံးသပ် အဖြေရှာ ကြည့်မည်ဆိုလျှင် ကမ္ဘာ့လှည့် ခရီးသည် ဖြစ်သူ နိုင်ဂျီးရီးယား အမျိုးသား အာဂျာလာနှင့် ဗန္ဓုလ ပန်းခြံထဲမှ ကုလားဒိန် ကလေးတစ်စုကြောင့်ပင် ဖြစ်ပေသည်။
ဆန္ဒပြသူ လူထုကြီးထဲမှ လူသုံးဦး သေဆုံးကာ လူ ၅၀ ကျော် ဒဏ်ရာရရှိအောင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားစေရန် စတင် မီးမွှေး ပေးလိုက်သူများမှာ အာဂျလာနှင့် ကုလားဒိန် တစ်စုပင်တည်း။
ယင်းကမ္ဘာလှည့် ခရီးသည် နိုင်ဂျီးရီးယား အမျိုးသား အာဂျလာ ဆိုသူမှာ ဘာလဲ၊ အာဂျလာနှင့် ဘယ်သူတွေ အဆက်အသွယ် ရှိနေသနည်း။
ရန်ကုန် တက္ကသိုလ် ကျောင်းသားများ၏ စည်းကမ်း သေ၀ပ်စွာဖြင့် ဆန္ဒထုတ် ဖော်ပြသပွဲကို ရုန်းရင်းဆန်ခတ်ဖြစ် ရှုပ်ထွေး သွားအောင် ဖန်တီးပေးလိုက်သူ နိုင်ဂျီးရီးယား ပြည်သား အာဂျလာသည် မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင် ၁၉၄၇ ခုနှစ် လောက်ကပင် အမေရိကန်ပြည်သို့ ရောက်ရှိနေသူ ဖြစ်ပေသည်။
အမေရိကန် တက္ကသိုလ် တစ်ခုမှ မဟာဝိဇ္ဖာဘွဲ့ကို ရရှိခဲ့ပြီးနောက် နိုင်ဂျီးရီးယားပြည်သို့ အပြန်ခရီးတွင် ကမ္ဘာတစ်ခွင်သို့ ခရီးလှည့်လှယ်ခဲ့ရင်း အရှေ့ ပါကစ္စတန် စစ်တကောင်းမြို့မှ တစ်ဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ရောက်ရှိလာခြင်း ဖြစ်သည်။
အာဂျလာသည် အမေရိကန်ပြည်မှ၁၉၅၇ ခုနှစ် ဇွန်လကစ၍ ထွက်ခွာ လာခဲ့ရာတွင် ကုန်းလမ်းမှ သွားနိုင်သမျှ ခရီးကို မော်တော် ဆိုင်ကယ် တစ်စီးဖြင့် သွားခဲ့သည်။
ကုန်းလမ်း မပေါက်သည့် နေရာတွင် မော်တော် ဆိုင်ကယ်ကိုပါ သဘောင်္နှင့် တင်ဆောင် လာခဲ့ရာ ယခုအချိန်အထိ နိုင်ငံပေါင်း ၇၂ နိုင်ငံ၊ ခရီးမိုင် ၈၅၀၀၀ ခရီး ပေါက်ခဲ့လေသည်။
အာဂျလာသည် ရောက်လေရာ အရပ်တိုင်းတွင် ရှေ့ ခရီးတစ်ထောက် အတွက် ရရာ အလုပ်အကိုင်များကို ရှာဖွေ လုပ်ကိုင် ခဲ့ရာ ရုရှား၌ စက်မှု လက်မှု အလုပ်သမား၊ ဘယ်လ်ဂျီယံတွင် သချုင်္ီင်းတွင်းတူး အလုပ်သမား၊ ယူဂိုဆလားဗီးယား၌ လမ်းဖောက်သည့် အလုပ်သမား၊ အီတလီတွင် ရုပ်ရှင်ဇာတ်လိုက်၊ ပါကစ္စတန်၌ လယ်သမား၊ အချို့နိုင်ငံများတွင် ဆောင်းပါးရေး ဆရာ စသည်ဖြင့် လုပ်ကိုင်ခဲ့လေသည်။
မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ၁၀ ရက်ခန့် နေထိုင်ပြီးလျှင် အခြား မြို့နယ်များသို့ တစ်လခန့် ခရီးဆန့်ရန် စီစဉ်ခဲ့သေးသည်။ မြန်မာ နိုင်ငံမှ တစ်ဖန် မလေးရှား၊ ယိုးဒယားနှင့် တရုတ်ပြည်ကို ခရီးဆက်ရန် ကြံရွယ်ချက် ရှိပေသည်။
ရန်ကုန်မြို့တွင် အာဂျလာ၏ လုပ်ငန်းမှာ အောင်မြင်မှု ရရှိတန် သလောက် ရရှိသွားသည်ဟု ဆိုနိုင်ပေသည်။ အဘယ်ကြောင့် ဆိုသော် အာဂျလာ၏ လှည့်ကွက်ကို တက္ကသိုလ် ကျောင်းသား ခေါင်းဆောင်များ ခံလိုက်ရသောကြောင့်တည်း။ အာဂျလာ၏ ကျုံးသွင်းမှု ထဲတွင်လည်း ဆန္ဒပြသူများ ၀င်သွားမိခဲ့ သောကြောင့်တည်း။
အမေရိကန် သံရုံးရှေ့တွင် ရုန်းရင်းဆန်ခတ် မဖြစ်ပွားမီ ငါးရက်၊ ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် အာဂျလာသည် ရန်ကုန်မြို့ ကုန်သည်လမ်းရှိ ဘယ်လ်ဂျီယံ သံမှူး၏ ရုံးပေါ်သို့ တက်ရောက်သွားပြီး မှန်တံခါးကို ချိုးရိုက် ဖျက်ဆီးခဲ့လေသည်။
ထို့နောက် အမေရိကန် သံရုံးသို့ ဆက်လက် သွားရောက်ကာ သံရုံးနံရံများတွင် သင်္ဘော ဆေးနီဖြင့် စာရေး၍ ကန့်ကွက် ဆန္ဒပြသည်။ ယင်းသို့ ဘယ်လ်ဂျီယံ သံရုံးနှင့် အမေရိကန် သံရုံးတွင် အာဂျလာ ဆန္ဒပြခဲ့ခြင်းမှာ ကွန်ဂိုပြည်မှ ၀န်ကြီးချုပ် လူမွန်ဘား အသတ်ခံရမှုကို မကျေနပ်၍ ဖြစ်သည်ဟု အာဂျာလက အကြောင်းပြခဲ့လေသည်။
ရန်ကုန်မြို့ပေါ်မှ ကျောင်းသား လူငယ် လူရွယ်များမှာ အာဂျလာ၏ တစ်ကိုယ်တော် သူရဲကောင်းဆန်သော အပြုမူကို သဘောကျ နေကြလေသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့၌ အမေရိကန် သံရုံးကိုဝိုင်း၍ ဆန္ဒပြကြသောအခါ ရှေ့ဆုံးမှ နိုင်ဂျီးရီးယား အမျိုးသား ၀တ်စုံဖားလျား ဖားလျားနှင့် အာဂျလာ ပါလာခြင်းကို ပီတိ ဖြစ်နေခဲ့ကြသည်။
အမေရိကန် သံရုံးရှေ့သို့ မရောက်မီ ပြည်ထောင်စု ဘဏ်ထောင့်နားမှ ကုန်သည် လမ်းမကြီးကို ဖြတ်၍ ရန်ကုန် ရဲအဖွဲ့မှ တားဆီး ကာရံထားသော သံတန်းများကို အာဂျလာသည် (ဟာကြူလီအန်ချိန်း) ဇာတ်ကားထဲမှ ဇာတ်လိုက်ကြီး ဟာကြူလီ၏ ဟန်ပန်အတိုင်း ကိုင်မြှောက်ပြီး ဘေးဘက်သို့ ပစ်ချလိုက်လေသည်။
ထို့နောက် အမေရိကန် သံရုံးရှေ့သို့ ရောက်ပြန်သော အခါတွင်လည်း သံပီပါ ပုံးကြီးများနှင့် အထက်ပါနည်းနှင်နှင် ကိုင်မြှောက်ပြီး ဘေးဘက်သို့ ပေါက်ချလိုက်ပြန်သည်။
ဤ အပြုအမူများနှင့် လုပ်ရပ်များမှာ ဆန္ဒပြလာသော တက္ကသိုလ် ကျောင်းသားများနှင့် လူထုကြီးအား အာဂျလာက အယုံသွင်း လှည့်စားလိုက်ခြင်း ဖြစ်ပေသည်။
အာဂျလာ၏ ကျုံးသွင်းမှုထဲတွင် ၀င်သွားပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ ရသောကြောင့် တပ်မတော်၏ မဲခေါင် စစ်ဆင်ရေး အောင်ပွဲမှာ မှေးမှိန်သွားခဲ့ရလု ဖြစ်ခဲ့ရလေသည်။
ရန်ကုန်မြို့မှ ပြည်ချစ် မျိုးချစ် လူထုကြီးနှင့် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ၏ နယ်ချဲ့ ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော် ပြသပွဲ ကြီးမှာ မြေပေါ်မြေအောက် လက်ဝဲသမားများ၏ အကြမ်းဖက်မှု၊ ဆူပူခိုင်းမှု ဖြစ်သယောင်ယောင် သိက္ခာချခံ ခဲ့ရ၏။
ထိုစဉ်က မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ နိုင်ငံခြား သတင်းဌာနနှင့် သတင်း ကိုယ်စားလှယ်များမှာ မြန်မာ တိုင်းရင်းသား နည်းပါး လွန်းလှပြီး ကပြားနှင့် နိုင်ငံခြားသားများသာ ဖြစ်နေကြသည်။
မဲခေါင် စစ်ဆင်ရေးမှ ပေါက်ဖွားလာသော ရန်ကုန်မြို့မှ အဖြစ်အပျက် သတင်းများကို ကမ္ဘာသို့ ဖြန့်ချိခဲ့ရာ၌ အဓိပ္ပာယ် တစ်မျိုး သက်ရောက်သွားအောင် ပူးပေါင်း ကြံစည် လုပ်ကြံမှုကို ခံခဲ့ရလေသည်။
စောစောပိုင်းက ဘယ်လ်ဂျီယံ သံရုံးနှင့် အမေရိကန် သံရုံးတို့ကို အကြမ်းဖက်၍ ဆန္ဒပြခဲ့မှုကြောင့် အာဂျလာအား ကျောက်တံတား ရဲဌာနမှ ပုဒ်မ (၄၅၁) အရ အမှုဖွင့်ပြီး ဖမ်းဆီး အရေးယူခဲ့သည်။ ဆူးလေ ဘုရားလမ်းရှိ အိုရီရင့် ဟော်တယ်တွင် တည်းခိုနေထိုင်လျက်ရှိသော အာဂျလာအား ကျောက်တံတား ရဲများက သွားရောက် ဖမ်းဆီးပြီး ရဲဌာန အတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။
အာဂျလာသည် ကျောက်တံတား ရဲဌာန အတွင်း၌ ကြာကြာ မနေလိုက်ရပါ။ အင်္ဂလိပ် သတင်းစာတိုက်ကြီး တစ်တိုက်မှ အယ်ဒီတာချုပ်ကြီး တစ်ဦး (နေးရှင်း ဦးလောရုံ)နှင့် အယ်ဒီတာ တစ်ဦးတို့က ငွေ ၅၀၀၀ တန် အာမခံ နှစ်ယောက်ပေး၍ အာဂျလာအား ခေါ်ထုတ်သွားခဲ့လေသည်။
အာမခံဖြင့် လွတ်မြောက်သွားသော အာဂျလာက ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အဖြစ်အပျက်များအတွက် ၀မ်းနည်းကြောင်း တောင်းပန်စာ တစ်စောင်ကို ရန်ကုန် ရဲမင်းကြီး ဦးခင်မောင်မောင်ထံသို့ ခပ်တည်တည်ရေး၍ ပို့လိုက်သေးသည်။
ထို့နောက်ပိုင်းတွင် အာဂျလာသည် ရန်ကုန်မြို့အလယ် ဆူးလေ ဘုရားအနီး တစ်ဝိုက်တွင် လှည့်ပတ်သွားလာလျက် ရှိနေရာ လူအများက ၎င်းနောက်မှ ၀ိုင်းအုံ လိုက်ပါလျက် ရှိနေကြလေသည်။
ရုန်းရင်းဆန်ခတ် ဖြစ်ပွားပြီး ဆန္ဒပြပွဲကြီး ပျက်သွားခဲ့ရသည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညပိုင်းတွင်မူကား အာဂျလာအား ဖမ်းဆီးပြီး ဘားလမ်း အချုပ်ထောင်တွင် ချုပ်ထားလိုက်ရ လေတော့သည်။ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ရမှုတွင် အာဂျလာ၌ တာဝန်မကင်းကြောင်း ရဲအဖွဲ့မှ သိသွား၍ပင် ဖြစ်ပေသည်။
ထို့ကြောင့် နောက်ထပ် အလားတူ ဆူပူမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး အာဂျလာအား ပြည်နှင်ဒဏ် ပေးရန် ပထစ အစိုးရက ဆုံးဖြတ်ခဲ့၏။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် အာဂျလာအား ရန်ကုန်ဆိပ်ကမ်းမှ ထွက်ခွာသွားမည့် တရုတ်သင်္ဘော ဟောတင်ဖြင့် စင်ကာပူသို့ ပို့ပေးရန် ဆိုင်ရာမှ စီစဉ်ခဲ့လေသည်။
သို့ရာတွင် တရုတ် သင်္ဘော ကပ္ပတိန်က အာဂျလာကို လက်ခံခေါ် မသွားလိုကြောင့် ငြင်းဆန်သဖြင့် အာဂျလာပိုင် ကူဘာ မော်တော်ဆိုင်ကယ်ကိုသာ ထိုသင်္ဘောဖြင့် စင်ကာပူသို့ တင်ပို့ ပေးလိုက်ရတော့သည်။
အာဂျလာကိုမူကား ထိုနေ့ ညနေ ၃ နာရီအချိန်တွင် ဘားလမ်း အချုပ်ထောင်မှ ရန်ကုန် မင်္ဂလာဒုံ လေယာဉ်ကွင်း အ၀င် ဂိတ်ပေါက်သို့ အရောက် ရဲအချုပ် မော်တော်ကားကို တောက်လျှောက် မရပ်မနားဘဲ မောင်းနှင်လာခဲ့ပြီး ဘီအိုအေစီ လေယာဉ်ကြီး ရပ်နားထားရာ နေရာသို့ ၀င်ရောက်ကာ ပို့ပေးခဲ့ရလေသည်။
အာဂျလာသည် ထိုအခါကျမှ ၎င်းအား ပြည်နှင်ဒဏ် ပေးလိုက်သည့် အကြောင်းကို သိရှိသွားပေသည်။ အာဂျလာကြောင့် ဘီအိုအေစီ လေယာဉ်ပျံကြီးမှာ မိနစ် ၂၀ နောက်ကျပြီး မင်္ဂလာဒုံ လေဆိပ်မှ ညနေ ၃ နာရီ မိနစ် ၄၀ အချိန်တွင် စင်ကာပူသို့ ပျံသန်းထွက်ခွာ သွားခဲ့ရ၏။
ရန်ကုန်မြို့မှ ထွက်ခွာသွားခဲ့သော အာဂျလာသည် စင်ကာပူမှ တစ်ဖန် အင်ဒိုနီးရှား နိုင်ငံသို့ ရောက်သွားခဲ့ပြန်သည်။ မေ့ပျောက် သလောက် ရှိသောအခါကျမှ အာဂျလာသည် ရန်ကုန်မြို့သို့ တစ်ကျော့ ၀င်ရောက်လာပြန်ပါ လေတော့သည်။
ပထစ အစိုးရက အာဂျလာအား မင်္ဂလာဒုံ လေဆိပ်မှ ရန်ကုန်မြို့ထဲသို့ ၀င်ခွင့် မပေးဘဲ တားမြစ်ထားလေသည်။ ကျောက်တံတား ရဲဌာနတွင် ဖမ်းဆီးထားခြင်း ခံနေရစဉ် တစ်ချိန်တုန်းက အာဂျလာအား အာမခံပြီး ခေါ်ထုတ်သွားခဲ့သူ အင်္ဂလိပ် သတင်းစာတိုက်ကြီး တစ်တိုက်မှ အယ်ဒီတာချုပ်ကြီး (နေးရှင်းဦးလောရုံ) သည် မင်္ဂလာဒုံ လေဆိပ်သို့ အပြေးအလွှား ရောက်လာပြီး အာဂျလာကို လာရောက်တွေ့ဆုံ သွားလေသည်။
သည်မျှလောက် ကျွန်တော် ရေးလိုက်လျှင် စာဖတ်သူများ သဘောပေါက် မိလေကြပြီဟု ကျွန်တော် ယူဆမိပါသည်။ အာဂျလာ ၀င်မွှေသွားသည့် အတွက်ကြောင့် (၁) စည်းကမ်း သေ၀ပ်စွာ ဆန္ဒထုတ်ဖော် ပြသပွဲကြီးမှာ ရုန်းရင်းဆန်ခတ်မှုဖြင့် ပျက်ပြား သွားခဲ့ရသည်။ (၂) ရုန်းရင်းဆန်ခတ် ဖြစ်ရာတွင် ဆန္ဒပြသူများထဲမှ လူသုံးဦး သေဆုံးကာ လူ ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့သည့် အတွက် ရဲနှင့် ပြည်သူများ အထင်မှား အမြင်မှား ဖြစ်ခဲ့ရသည်။ (၃) အထက်ပါ အချက် (၁)နှင့် (၂) အပေါ်တွင် အကြောင်းပြုပြီး အစိုးရက ပုဒ်မ (၁၄၄) နှင့် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ခဲ့ရသဖြင့် ပြည်ချစ် မျိုးချစ် လုပ်သား ပြည်သူများ၏ ကိုလိုနီ နယ်ချဲ့ စနစ် ဆန့်ကျင်ရေးနှင့် နယ်ချဲ့ ကျူးကျော်မှု ရှုတ်ချရေး အဟုန်မှာတန့်ပြီး မှေးမှိန် ပျောက်ကွယ် သွားခဲ့ရလေသည်။
ပြီးခဲ့သော ရှေ့အခန်းများတွင် စီအိုင်အေ ကိုယ်စားလှယ်များသည် ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ အသွင်အမျိုးမျိုး အယောင် အမျိုးမျိုး ဆောင်ကာ ၀င်ရောက်သွားလာတတ်ပုံ အကြောင်းကို ကျွန်တော် ရေးသား တင်ပြခဲ့ပြီး ဖြစ်ပါသည်။ စာဖတ်သူများ သည်လည်း အမှတ်ထားမိ ကြပါလိမ့်မည်။
ရန်ကုန်မြို့တွင် နာမည်ကျော်ကြား လူသိများသွားခဲ့သော နိုင်ဂျီးရီးယား ပြည်သား အာဂျလာသည်လည်း ဆိုခဲ့သော အမျိုးအစား ထဲကပင် ဖြစ်ပါသည်။
အိန္ဒိယပြည်တွင် သံတမန် အရေကိုခြုံကာ စီအိုင်အေ သူလျှို လုပ်သွားခဲ့သော ဂျက်ကာရင်ဆိုသူ၏ အကြောင်းကို ပြီးခဲ့သော အခန်းများ၌ ကျွန်တော် ရေးသား ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ဂျက်ကာရင်သည် တရုတ်ပြည်၌ မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံ၌ ကြီးပြင်းခဲ့သည်။ အမေရိကန်ပြည် တက္ကသိုလ် တစ်ခု၌ ပညာ သင်ကြားနေစဉ် စီအိုင်အေနှင့် ဆက်မိပြီး ဂျက်ကာရင်အား စီအိုင်အေမှ ငွေကြေး ထောက်ပံ့ ပေးကမ်းထားခဲ့လေသည်။
ထို့နောက် ဂျက်ကာရင်အား အိန္ဒိယပြည်မှ တက္ကသိုလ် တစ်ခုသို့ စေလွှတ်ပြီး လူမှု သိပ္ပံဘာသာရပ်ကို သင်ကြားစေခဲ့သည်။ အိန္ဒိယပြည်မှ တစ်ဖန် အမေရိကန်ပြည်သို့ ပြန်ခေါ်ယူလိုက်ပြီးနောက် နိုင်ငံခြားရေး ဌာနတွင် ခန့်အပ်ပြီးနောက် အိန္ဒိယ ပြည်သို့ ပြန်ပို့လိုက် ပြန်လေသည်။
ယခု ကျွန်တော်တို့ ဇာတ်လိုက်ကြီး အာဂျလာမှလည်း ဂျက်ကာရင်လို အထောက်အပံ့ ရရှိခဲ့သူ ဖြစ်ပေသည်။ ရန်ကုန်မြို့မှ အာဂျလာ ထွက်ခွာသွားခဲ့ပြီး နောက်ပိုင်းကျမှ ရန်ကုန် တက္ကသိုလ် ကျောင်းသား ခေါင်းဆောင်း အချို့မှာ အာဂျလာ၏ လှည့်ကွက်ကို ရိပ်စားမိခဲ့ကြသည်။ အာဂျလာ၏ ကျုံးသွင်းမှုထဲကို ၀င်သွားခဲ့ရခြင်းကို ရင်ထုမနာ ဖြစ်ကြရသည်။
ထို့ကြောင့် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုတင်အေးသည် မြန်မာပြည် သတင်းထောက်များ အသင်းတိုက်သို့ လာရောက်ပြီး တက္ကသိုလ် ကျောင်းသားများ အမေရိကန် သံရုံးကို ထပ်မံ၍ ငြိမ်းချမ်းစွာ ဆန္ဒပြ လိုပါသေးသဖြင့် ရန်ကုန်မြို့တွင် ထုတ်ပြန်ထားသော ပုဒ်မ (၁၄၄) ကို အမြန်ဆုံး ပြန်ရုပ်သိမ်းပေးရန် အစိုးရထံ တောင်းဆိုကြောင်း ရှင်းပြသည်။
ကိုတင်အေးက ဆက်လက်ပြီး မြန်မာနိုင်ငံ နယ်နမိတ်ထဲသို့ တရုတ်ဖြူများ ကျူးကျော် ၀င်ရောက်နေမှုနှင့် အမေရိကန်က လက်နက်ခဲယမ်း မီးကျောက် ပစ္စည်းများ ထောက်ပံ့မှုကို မည်သို့မည်ပုံ အရေးယူမည်ကို အစိုးရက ကြေညာရန်နှင့် ကိုလိုနီ ဆန့်ကျင်ရေးနေ့ ကျင်းပရေး ကော်မတီအား ၀န်ကြီးချုပ် ဦးနုက တွေ့ခွင့်ပြုရန် တောင်းဆိုကြောင်းကိုပါ ရှင်းပြသွားလေသည်။
တက္ကသိုလ် ကျောင်းသား ခေါင်းဆောင်များ အသိနောက်ကျနေပြီလို့ တောင်းဆိုချက် များမှလည်း အရာမထင် ဖြစ်ရလေသည်။
အာဂျာလာက နှစ်ကွက် သုံးကွက် ဦးသွားပြီ မဟုတ်ပါလား။
အာဂျလာ ခြေ၀င်ရှုပ်သွား၍ မျက်ခြေပြတ်လုလု ဖြစ်သွားခဲ့ရသော ကျူးကျော်သူ တရုတ်ဖြူ ဆရာတပည့်တို့၏ လုပ်ရပ်များကို ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပထစ အစိုးရ အဖွဲ့မှ နိုင်ငံခြားရေး ၀န်ကြီးက ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ချုပ်ကြီး၏ အတွင်းဝန်ချုပ် ( အထွေထွေ အတွင်းရေးမှူးချုပ်) ထံသို့ ကြေးနန်းရိုက်၍ တိုင်ကြားလိုက်ရ လေတော့သည်။
ထိုစဉ်က ကုလသမဂ္ဂ အတွင်းဝန်ချုပ်မှာ ဆွီဒင်နိုင်ငံသား မစ္စတာ ဒက်ဟမ္မားရှိးလ် (ကွန်ဂိုနိုင်ငံမှ အပြန်တွင် လေယာဉ် ပျက်ကျပြီး သေဆုံးသွားသူ) ဖြစ်၍ ယခု လက်ရှိ အတွင်းဝန်ချုပ် ဦးသန့်မှာ မြန်မာ ကိုယ်စားလှယ်တော်ကြီးသာ ဖြစ်သေးသည်။ ဦးသန့်ကို ထိုကိစ္စနှင့် ပတ်သက်၍ ကုလသမဂ္ဂ လိုအပ်သလို ဆောင်ရွက်သွားရန် နိုင်ငံခြားရေး ဌာနမှ ညွှန်ကြား ခဲ့လေသည်။
၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ထုတ်၊ Northern Star ဂျာနယ်၊ အမှတ် (၂၀)၊ စာမျက်နှာ (၁၀) မှ ဆောင်းပါးအား ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။